စစ်ဆေးခြင်း(၃)
ဝမ်ဟိုကား သူ့ရှေ့မှ မြင်ကွင်းကို မိန်းမောကာ ကြည့်နေသည်။ ပြန်လည် သတိ ဝင်လာသောအခါ သူ၏ ရင်ထဲတွင် ဝင့်ကြွား မှုများ ပြည့်နှက်လာသဥ
ထိုအချိန်၌ သက်တံရောင် ဓားအလင်းတန်းများ သူတို့ထံကို ပျံသန်းလာ၏။
ထိုဓားများ ပျောက်သွားသော နေရာ၌ ဟုန်ယွီ ဂိုဏ်းသားများနှင့် သူတို့ ခေါ်လာသော အသက် ၁၅ နှစ်အရွယ် လူငယ်များကို တွေ့လိုက်ရ၏။
သူတို့က ငယ်ရွယ်သော ယောက်ျားလေး၊ မိန်းကလေးများ ဖြစ်ကြကာ အားလုံးက မြေပြင်ပေါ်ကို ဆင်းသက်လိုက်ကြ၏။ ဝမ်လင်းတို့အဖွဲ့က စိတ်လှုပ်ရှားမှု အပြည့်ဖြင့် သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်နေကြသည်။
ဟုန်ယွီဂိုဏ်း၏ နောက်လိုက်များက ငယ်ရွယ်သော သူများကို တစ်နေရာ၌ စုရုံးစေ၏။ အတန်ကြာလျှင် အရွေးချယ် ခံရန် အတွက် လူငယ်လေးများ အားလုံး ရောက်ရှိလာကြသည်။
အနက်ရောင်ဝတ်စုံ ဝတ်ထားသော သက်လတ်ပိုင်း ရွယ်လူကြီးက သူတို့ကို တစ်ချက် ကြည့်ပြီး အသက်မဲ့စွာဖြင့် ပြောလိုက် သည်။
"မင်းတို့တွေထဲက လူနည်းနည်းပဲ ဟုန်ယွီဂိုဏ်းဝင်အဖြစ် အရွေးချယ် ခံရလိမ့်မယ်.
လူငယ်များ အားလုံး အလွန် စိတ်လှုပ်ရှားနေ၏။ ဝမ်လင်း၏ နှလုံးက တဒုတ်ဒုတ် လှုပ်ခါနေသည်။ သူအပါအဝင် အားလုံး ပေါင်း ၄၈ယောက်ဖြစ်သည်။
“ကျင့်စဉ်ကျင့်ပြီး အင်မော်တယ် လမ်းကြောင်းပေါ်ကို လျှောက်ဖို့က မင်းတို့ရဲ့ မွေးရာပါ အရည်အချင်း ပေါ်ကို မူတည် တယ်... ပထမဆုံး စမ်းသပ် စစ်ဆေးမှုက မင်းတို့ရဲ့ စိတ်ခွန်အား လုံလောက်မှု ရှိမရှိ စမ်းသပ် စစ်ဆေးတာပဲ ဖြစ်တယ်.. အခု ဘယ်လို စမ်းသပ် စစ်ဆေးမယ်ဆိုတာ ငါညွှန်ပြပေးမယ်...
သက်လတ်ပိုင်းလူကြီး က လူငယ်တစ်ယောက်ကို ညွှန်ပြရင်း စိတ်မပါစွာ ပြောလိုက်သည်။
ထိုလူငယ်၏ ခြေထောက်များ တဆတ်ဆတ် တုန်ခါနေသည်။ သူကရှေ့ကို ဂရုတစိုက် လျှောက်ပြီး ထွက်လာသည်။ သက်လတ်ပိုင်း လူကြီးက သူ၏ လက်ကို လူငယ်၏ ခေါင်းပေါ်ကို တင်ထားလိုက်ပြီးနောက် ပြောလိုက်သည်။
“အဆင့်မမီဘူး ဘယ်ဘက်ကို သွားရပ်နေ..."
လူငယ်က ရုတ်တရက် သူ့၏ ခွန်အားများ အားလုံး ပျောက်ဆုံးသွားသလို ခံစားလိုက်ရ၏။ သူ၏ မျက်နှာက အုံ့မှိုင်းနေပြီး မျက်လုံးများက အသက်မပါစွာဖြင့် တိတ်တဆိတ် ဘယ်ဘက်ကို သွားရပ်လိုက်သည်။
ထို့နောက် တခြား လူငယ်တစ်ယောက် အရွေးချယ်ခံရန် အရှေ့ကို ထိတ်လန့်မှု အပြည့်ဖြင့် လျှောက်သွား၏။
"အဆင့်မမီဘူး … "
“အဆင့်မမီဘူး ...
"အဆင့်မမီဘူး..."
ရှေ့ဆုံးမှ စီတန်းထားသော လူငယ်များ အားလုံး စမ်းသပ် စစ်ဆေးမှုတွင် ကျရှုံးကြသည်။ ယခုထိ သက်လတ်ပိုင်း လူကြီး၏ ညာဘက်တွင် မည်သူမျှ မရှိသေးချေ။
ဝမ်ကျောက်၏ အလှည့်ကို ရောက်ရှိလာသည်။ မကြာသေးမီက သူ၏ ဂုဏ်ယူ ဝင့်ကြွားခြင်းများကား တိမ်လိုလွင့်စဉ် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ သူက ဖြူဖပ်ဖြူရော် မျက်နှာဖြင့် လျှောက်လာသည်။
သက်လတ်ပိုင်း လူကြီးက သူ့၏လက်ကို ဝမ်ကျောက်၏ ခေါင်းပေါ်တင်ပြီး ခဏအကြာတွင် သူ့၏ မျက်ခုံးက ရုတ်တရက် မြင့်တက်သွား၏။ ထို့နောက် သူက မေးလိုက်သည်။
"မင်းရဲ့နာမည် ဘယ်သူလဲ...'
ဝမ်ကျောက်က လျင်မြန်စွာဖြင့် ရိုသေသော အမူအရာဖြင့် ဖြေလိုက်သည်။
" အင်မော်တယ် … ကျွန်တော့်နာမည်က ဝမ်ကျောက်ဖြစ်ပါတယ်.
သက်လတ်ပိုင်း လူကြီးက ခေါင်းညိတ် လိုက်သည်။ ထို့နောက် သူက ပြုံးပြီး ပြောလိုက်၏။
" ဒါဆိုမင်းက ဂိုဏ်းတူဦးလေး ပြောထားတဲ့ တစ်ယောက်ပေါ့.. ကောင်းတယ်.. ညာဘက်မှာ သွားရပ်ချေ...
ဝမ်ကျောက်က လူအများ၏ အားကျသော အကြည့်များ အောက်တွင် စိတ်လှုပ်ရှားစွာဖြင့် ညာဘက်သို့ လျှောက်သွားသည်။ သူ၏ မျက်လုံးများထဲတွင် ဝင့်ဝါခြင်း၊ မာနကြီးခြင်းများဖြင့် ပြည့်နှက်နေ၏။ သူက လူငယ် တစ်သိုက်ကို အထင်အမြင်သေး စွာ ကြည့်လိုက်ပြီး မျက်နှာတွင် ဘဝင်မြင့်သော ဟန်ပန်များ အထင်းသား ပေါ်လာသည်။
ဝမ်ဟိုက သူ့နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး ဝမ်လင်းကို တီးတိုး ပြောလိုက်၏။
“အဲဒီခွေးကောင် … သူက ကံကောင်းလို့ ရောက်လာတဲ့ ခွေးတစ်ကောင်ပါကွာ..."
ဝမ်လင်း၏ ရင်ဘတ်က ပိုမို တင်းကျပ် လာသည်။
သူ့မိဘများ၏ မျှော်လင့်ခြင်းများဖြင့် ပြည့်နှက်နေသော မျက်ဝန်းများကို ပြန်လည် မြင်ယောင်လာပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
“မဆိုးပါဘူး မင်းလည်း ညာဘက်မှာ သွားပြီး မတ်တတ်ရပ်လိုက်..
သက်လတ်ပိုင်း လူကြီးက သူ၏ ရှေ့တွင်ရှိသော မိန်းကလေးကို အံ့အားသင့်စွာ ကြည့်ပြီး ပြောလိုက်သည်။
မကြာမီ အချိန် အတွင်း၌ လူငယ် အားလုံးနီးပါး စစ်ဆေးပြီးသွား၏။ နှစ်ယောက်သာလျှင် သက်လတ်ပိုင်းလူကြီး၏
ညာဘက်ခြမ်း၌ မတ်တတ် ရပ်နေသည်။
ထို့နောက်တွင် ဝမ်ဟို၏ အလှည့်ကို ရောက်ရှိလာ၏။
ဝမ်ဟိုက လျင်မြန်စွာ သက်လတ်ပိုင်း လူကြီးထံကို ပြေးသွားလိုက်သည်။ သူက စမ်းသပ်မှု မစတင်ခင် အချိန်မှာပင် မြေကြီး ပေါ်ကို ရိုကျိုးစွာ ဒူးထောက်လျက် ပြောသည်။
“ကျန်းမာပြီး အသက်ရှည်ပါစေ အင်မော်တယ်ကြီး ခင်ဗျာ .. ကျွန်တော့်နာမည်ကတော့ ဝမ်ဟိုဖြစ်ပါတယ်... အင်မော်တယ် ကြီးက လူတွေ အများကြီး စစ်ရတာ ပင်ပန်းနေမှာပေါ့ ဘာကြောင့် အနားမယူတာလဲ ကျွန်တော်က အလျင်မလိုပါဘူး...
သက်လတ်ပိုင်း လူကြီးက ကျယ်လောင်စွာ ရယ်မောလိုက်၏။
သူက လူအများအပြားကို စစ်ဆေးခဲ့သည်။ သူ စစ်ဆေးခဲ့သော လူများ၏ မျက်နှာများကလည်း ကြောက်ရွံ့မှုများဖြင့် ပြည့် နှက်နေကြသည်။ သို့သော်လည်း သည်ကောင်လေးက ကြောက်ရွံမှု မရှိသည့်အပြင် သူ့ကိုပင် လာဖားနေခဲ့၏။
ထို့နောက် သူက ဝမ်ဟို၏ ခေါင်းပေါ်ကို လက်တင်လိုက်သည်။
“စိတ်ခွန်အား အားနည်းတယ်..
ဝမ်ဟိုက ထိုစကားကို ကြားလိုက်သော အချိန်၌ပင် သူ၏ စိတ်နှလုံးက ချောက်ထဲသို့ ထိုးကျသွားသည့်အလား ခံစားလိုက် ရ၏။
သက်လတ်ပိုင်း လူကြီး၏ စကားဆုံးအောင်ပင် မစောင့်နိုင်တော့ဘဲ သူက ကျောက်စိမ်း သေတ္တာငယ်လေးကို အလျင်အမြန် ထုတ်လိုက်ပြီး ဝမ်ဟိုက ပါးနပ်လိမ္မာစွာ ပြောလိုက်သည်။
" အင်မော်တယ်ကြီးခင်ဗျာ... ဒါလေးက ကျွန်တော့ အဖေ တောင်ပေါ် သွားရင်း မတော်တဆ ကောက်ရခဲ့တာပါ.. ဒါပေမဲ့ အဲ့ ဒါကို အဖေကိုယ်တိုင်က ဖွင့်လို့မရခဲ့ပါဘူး … အင်မော်တယ်ကြီးကို ပေးဖို့အတွက် … ဒါကို အထူးသီးသန့် ယူဆောင်လာခဲ့တာ
သက်လတ်ပိုင်း လူကြီးက ခေါင်းခါလိုက်သည်။သူက ဝမ်ဟိုကို ငြင်းပယ်ရန် စဉ်းစားနေခဲ့၏။ သို့သော်လည်း သေတ္တာကို တစ်ချက် စစ်ဆေးကြည့်သော အခါတွင် သူ၏ မျက်ခုံးက ရုတ်တရုတ် မြင့်တက်သွားသည်။
သူက စကားပြောနေသည်ကို ခေတ္တခဏ ရပ်လိုက်ရင်းက
" မဆိုးပါဘူး ဒါက အနည်းဆုံး အနှစ် ၃၀၀ သက်တမ်းရှိသော ကျောက်စိမ်းမြက်ပင်ပဲ ... အင်မော်တယ် တစ်ယောက်က ဒီ သေတ္တာအပေါ်မှာ အရံအတား ထားခဲ့လို့ မင်းအဖေ မဖွင့်နိုင်တာ အံ့ဩစရာ မဟုတ်ဘူး...
ထို့နောက် သူက စကားကို ဖြည်းညင်းစွာ ဆက်ပြောလိုက်သည်။
"ငါဆေးဖော်ရာမှာ ကူညီပေးမဲ့ လက်ထောက် တစ်ယောက် လိုနေတယ် ... မင်းငါ့ရဲ့ လက်ထောက်လုပ်ဖို့ စိတ်ဝင်စားရဲ့လား..
ဝမ်ဟိုက အလွန် အံ့ဩသွား၏။ သူ့အား လက်ခံလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။ တုံ့ဆိုင်းနေခြင်းမရှိဘဲ ဝမ်ဟိုက ပြန် ဖြေသည်။
"ဟုတ်ကဲ့ အင်မော်တယ်ကြီး .. ကျွန်တော်လုပ်ချင်ပါတယ်..
“ဟုတ်ကဲ့ အင်မော်တယ်ကြီး … ကျွန်တော်လုပ်ချင်ပါတယ်...
သက်လတ်ပိုင်း လူကြီးက ရယ်မောရင်းနှင့် ပြောလိုက်သည်။
" အခုကစပြီး မင်းက ငါ့ရဲ့ဆေးအကူ ဖြစ်သွားပြီ .. ငါ မင်းကို မနှိပ်စက်ပါဘူး … တခြား တပည့်တွေလိုပဲ မင်း ကျင့်စဉ် ကျင့် နိုင်ပါတယ် … ညာဘက်ကို သွားမတ်တတ် ရပ်လိုက်..
ဝမ်ဟို အလွန်အမင်း စိတ်လှုပ်ရှား နေသည်။ သူက ညာဘက်ကို ပြေးသွားလိုက်ကာ ဝမ်ကျောက်ကို နှစ်ထောင်း အားရသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ကျရှုံးသော လူငယ်များ၏ မျက်နှာများက ဖြူဖျော့သွား၏။ သူတို့အားလုံးက စိတ်အားငယ်ခြင်းကို ခံစားလိုက်ရကာ အချို့ က စတင်ငိုကြွေးလိုက်ကြသည်။
သက်လတ်ပိုင်း လူကြီးက မျက်မှောင် ကြုတ်လိုက်သည်။ ထို့နောက်သူက အော်ပြောလိုက်သည်။
" စငိုတဲ့သူ အကုန်လုံးကို ခေါ်ထုတ်သွားကြစမ်း..
ဟုန်ဟွီဂိုဏ်းမှ တပည့် အနည်းငယ်က ရှေ့ကို ထွက်လာခဲ့ကာ စငိုသောသူ ကိုခေါ်ပြီး ဓား အလင်းတန်းများအဖြစ် ပြောင်းလဲ သွားကာ အဝေးကို ပျောက်ကွယ် သွားကြသည်။
သက်လတ်ပိုင်း လူကြီးက ဝမ်လင်းကို လက်ညှိုးထိုးသည်။
ဝမ်လင်းက အသက်ရှုသံတွေမြန်လာခဲ့သည်။ သူက စိတ်လှုပ်ရှားစွာဖြင့် သက်လတ်ပိုင်း လူကြီး၏ ဘေးကို လျှောက်သွားခဲ့ သည်။
သူ၏ စိတ်ထဲတွင် ကြိတ်၍ ဆုတောင်း နေမိသည်။ တစ်ဖက်တွင်လည်း မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသော သူ့မိဘ များ၏ မျက်နှာများကို ပြန်လည် အမှတ်ရလာခဲ့သည်။
" ငါ သေချာပေါက် အရွေးချယ်ခံရမှာပါ...
ဝမ်လင်းက မိမိကိုယ်ကို အားတင်းသည်။
သက်လတ်ပိုင်း လူကြီး၏ လက်က သူ၏ ခေါင်းကို ကိုင်လိုက်သည်။ ထို့နောက် သူ၏ မျက်နှာ အမူအရာ ကင်းမဲ့စွာဖြင့် ပြော လိုက်သည့် စကားလုံးနှစ်လုံးက ဝမ်လင်းကို ကြီးစွာ ထိတ်လန့် တုန်လှုပ်စေခဲ့သည်။
"အဆင့်မမီဘူး.."
ဝမ်လင်းက ဘယ်ဘက်ခြမ်းကို မည်သို့ ရောက်သွားသည်ပင် မသိလိုက်။ သက်လတ်ပိုင်း လူကြီးပြောလိုက်သော စကားနှစ် ခွန်းက သူ၏ နားထဲတွင် မိုးကြိုး အကြိမ်တစ်သိန်း ပစ်ချသလို မြည်ဟည်းနေ၏။
ထိုအချိန်တွင် စမ်းသပ်မှုက ပြီးဆုံးသွားခဲ့ကာ ညာဘက်ခြမ်း၌ လူသုံးယောက်သာ ရပ်နေခဲ့သည်။
လူတိုင်း၏ မျက်လုံးများထဲတွင် အကြီးအကျယ် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေကြသည်။
"အင်မော်တယ် လမ်းစဉ် လျှောက်လမ်းဖို့အတွက် စိတ်ဝိညာဉ် သန်မာဖို့ လိုအပ်သလို ဇွဲ၊ လုံ့လ၊ ဝီရိယ ရှိဖို့က ပိုလို့တောင် အရေးကြီးတယ် … ဒုတိယ စမ်းသပ်မှုကတော့ ဇွဲ၊ လုံ့လ၊ ဝီရိယ ရှိမရှိ စမ်းသပ်ခြင်းပဲဖြစ်တယ်.. မင်းတို့လို သာမန် လူငယ် တွေတောင် လုံလောက်တဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယ ရှိရင် ဂိုဏ်းရဲ့ နောက်လိုက်တွေ ဖြစ်လာနိုင်တယ်.
သက်လတ်ပိုင်း လူကြီးဟာ စကားကို ခဏရပ် လိုက်ပြီးနောက် ခံစားမှု ကင်းမဲ့သော မျက်နှာဖြင့် ပြောလိုက်သည်။
"လှေကားတွေ အတိုင်း အပေါ်ကို တက်သွားကြ … တကယ်လို့ မင်းတို့ဟာ လှေကားရဲ့ထိပ်ကို ရောက်ရှိခဲ့မယ် ဆိုရင် မင်းတို့ရဲ့ အရည်အချင်း ပြည့်မီတယ် … ဒါပေမဲ့ မင်းတို့က သုံးရက်အတွင်း ရောက်အောင် မတက်နိုင်ဘူးဆိုရင် မင်းတို့ ကျရှုံးတယ်လို့ သတ်မှတ်မယ် … ကျရှုံးသွားတဲ့ သူတွေကတော့ အိမ်ကိုပြန်ရမယ် … တကယ်လို့ မင်းတို့ ကြံ့ကြံ့မခံဘဲနဲ့ အန္တရာယ် တစ်ခုခု ကြုံလာရင် အကျယ်ကြီး အော်လိုက် … တစ်စုံတစ်ယောက်က မင်းတို့ကို လာကယ်လိမ့်မယ်...
သက်လတ်ပိုင်း လူကြီးက သူ့၏ ညာဘက်ခြမ်းတွင် ရှိသော လူသုံးယောက်ကို ပြုံးပြီး ပြောလိုက်သည်။
" မင်းတို့ နှစ်ယောက်က ဂိုဏ်းခေါင်းဆောင်ကို တွေ့ဖို့ ငါ့နောက် လိုက်ခဲ့ကြ .. မင်းတို့ကို လက်ခံမယ့် ဆရာကို ငါတို့ရှာပေး မယ်.. ဝမ်ဟို မင်းကတော့ ဘယ်မှ သွားစရာမလိုဘူး … ငါနဲ့အတူ ဆေးဝါးဆောင်ကို လိုက်ခဲ့ … မင်းနေရမည့် နေရာကို ငါပြ ပေးမယ်...
သက်လတ်ပိုင်း လူကြီးက ညွှန်ကြားချက်များ ပေးပြီးသောအခါ ရွေးချယ်ခံရသော လူ သုံးယောက်ကို ခေါ်ပြီး တောင်ပေါ် တက်သွားသည်။
ဝမ်လင်းက အသက်ကို ပြင်းပြင်း ရှူလိုက်၏။
သူ၏ မျက်လုံးများထဲတွင် ပြတ်သားသော ဆုံးဖြတ်ချက်များဖြင့် ပြည့်နှက်နေသည်။ တုံ့ဆိုင်းခြင်း မရှိဘဲ ကျောက်လှေကား အပေါ်ကို ခြေချလိုက်ခြင်းဖြင့် ဝမ်လင်းက သူ၏ ဇွဲလုံ့လ စမ်းသပ်ခြင်းကို စတင်ခဲ့သည်။
အရွေးချယ် ခံရသော လူသုံးယောက် အပြင် ငိုကြွေးသောကြောင့် အထုတ်ခံလိုက်ရသောသူ အားလုံးပေါင်းကို နှုတ်လိုက် သော အခါ ၃၉ ယောက်သာ ကျန်တော့သည်။
ကျန်ရှိသော ၃၉ ယောက်ထဲတွင် တချိူ့က ရှေ့ဆက် လျှောက်ရန် မဝံ့ရဲသောကြောင့် စိတ်ဓာတ် ကျလျက် လက်လျော့ လိုက် ကြသည်။
***
Comments
Post a Comment